Monday, March 18, 2013

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၄ )


နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ကိုယ်လုပ်ဆောင်ရမယ့်ဝတ္တရားတွေကို တိတိပပ နား လည်သဘောပေါက်ထားဖို့ လိုအပ်တာပဲဖြစ်ပါတယ်။ ဒါကြောင့် HR Manager တစ်ယောက်အနေနဲ့ကိုယ် လုပ် ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်တဲ့သီအိုရီတွေကို သင်ယူတက်မြောက်ထားဖို့ လိုအပ် သလို အဲဒီသီအိုရီတွေကို လက်တွေ့အသုံးချတတ်ဖို့လဲ လိုပါတယ်။ သီအိုရီတွေကို ကျောင်းတွေသင်တန်း တွေမှာ သင်ယူလို့ရနိုင်ပေမယ့် အသုံးချတတ်ဖို့က ကိုယ်ရဲ့အတွေ့အကြုံတွေကသင်ယူရမှာဖြစ်သလို ကိုယ့် ရဲ့ ပတ်ဝန်းကျင်ကနေ၊ အတွေ့အကြုံ ကြွယ်ဝသူတွေဆီကလဲ သင်ယူရမှာဖြစ်ပါတယ်။ တခါတပည့်ခံဘူး ရင် အခါတရာဆရာလုပ်လို့ရတယ်ဆိုတာမမေ့စေချင်ပါဘူး။
လက်ရှိကျွန်တော်တို့တွေ တွေ့နေရတာကတော့ HR Manager မန်နေဂျာရယ်လို့ ခန့်အပ်တာဝန် ပေးပြီးသွားတာနဲ့ ဘယ်ကနေစပြီး ဘာလုပ်ရမယ်ဆိုတာမသိတဲ့လူငယ်တချို့ကို တွေ့နေရပါတယ်။ သူတို့ ဟာ အများအားဖြင့် သီအိုရီကို အလွတ်ပြောနိုင်ကြတယ်။ ဒါပေမယ့် သင်ယူခဲ့တဲ့ပညာရပ်တွေကို လက် တွေ့လုပ်ငန်းခွင်ထဲမှာ အသုံးချဖို့ကျတော့ အတွေ့အကြုံနည်းပါးတာရယ်၊ သင်ယူလေ့လာမှု အားနည်း တာ ရယ်ဆိုတဲ့အချက်တွေကြောင့် အခက်တွေ့နေရကြတာကို တွေ့ရပါတယ်။
ကျွန်တော့်ဆရာတစ်ယောက်ပြောဖူးပါတယ်။ သူ့တပည့်တစ်ယောက်ကိုသူကိုယ်တိုင် HR Manager Post အတွက် Interview လုပ်ဖူးပါတယ်တဲ့ ။ အင်တာဗျူးမှာ အဲဒီလူငယ်က လုပ်ငန်းရှင်ကို HR နဲ့ ပတ်သက်တဲ့ သီအိုရီတွေကို ရွှန်းရွှန်းဝေအောင်ပြောသွားနိုင်လို့ လုပ်ငန်းရှင်က အရမ်းသဘောကျပြီး သူ တောင်းဆိုတဲ့လစာနဲ့ HR မန်နေဂျာခန့်လိုက်ပါတယ်တဲ့။ အလုပ်စဝင်ပြီး တစ်လလောက်ကြာတဲ့အခါမှာ အဲ ဒီလူငယ်ကဆရာ့ဆီ ဖုန်းလှမ်းဆက်ပါတယ်။ ဆရာကျွန်တော်ဘယ်ကစပြီး လုပ်ရမလဲတဲ့။
အဲဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့လူငယ်တွေဟာ သီအိုရီတွေအလွတ်ကျက်အာဂုံဆောင် ထားနိုင်ပေမယ့် အသုံးချတဲ့ဘက်တွေမှာအားနည်းနေတာကိုတွေ့ရပါတယ်။ဒါပေမယ့် လူငယ်တွေကို မင်း တို့ညံ့တယ်လို့ အပြစ်တင်လိုက်ရုံနဲ့ သူတို့တွေတော်လာမှာမဟုတ်ပါဘူး။ သူတို့တွေညံ့တယ်လို့ပြောရင် အဲဒီလိုညံ့ရတဲ့အကြောင်းရင်းထဲမှာ ကျွန်တော်တို့လူကြီးတွေပါတယ်ဆိုတာ မမေ့စေချင်ပါဘူး။ လူငယ် တွေမတတ်သေးရင် သင်ပေးဖို့၊ နားမလည်ရင်ရှင်းပြဖို့က ကျွန်တော်တို့လူကြီးတွေရဲ့ တာဝန်ပါ။ ကျွန်တော် တို့ရဲ့အတွေ့အကြုံတွေ၊ အခက်အခဲဖြေရှင်းပုံတွေ၊ ပြသနာဖြေရှင်းပုံတွေကိုသူတို့ကိုမျှဝေပေးခဲ့မယ်ဆိုရင် သူတို့ ရဲ့စွမ်းဆောင်ရည်တွေတိုးတက်လာမှာဖြစ်ပါတယ်။
( စ ) Admin မန်နေဂျာလား၊ HRမန်နေဂျာလား
တကယ်လို့ ကျွန်တော်တို့ကိုကုမ္ပဏီတစ်ခုက HR မန်နေဂျာအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပြီဆိုပါ စို့။ ကျွန်တော်တို့ဘာတွေစပြီးလုပ်ကြရမှာလဲ။ တကယ်တမ်းတော့ လုပ်စရာတွေကအများကြီးရှိပါတယ်။
အဓိကထားပြီးလေ့လာရမှာကတော့ ကိုယ့်ကို HR မန်နေဂျာအဖြစ် ခန့်အပ်တာဝန်ပေးတာလား။ ဒါ မှမဟုတ် Admin & HR မန်နေဂျာအဖြစ် ခန့်အပ်တာဝန်ပေးထားတာလားဆိုတာကိုပေါ့။ ဝန်ထမ်းဦးရေ သိပ်မများတဲ့ကုမ္ပဏီတစ်ခုမှာ Admin နဲ့ HR တွဲထားတာမသိသာပေမယ့် ဝန်ထမ်းဦးရေများရင်တော့ အခက်အခဲတွေ အများMကီးရှိလာမှာပါ။ ဖြစ်တတ်တာက Admin ဘက်ကို ဦးစားပေးလိုက်ရင် HR ဘက်ကိုအားနည်းသွားတတ်ပြီး HR ဘက်ကိုဦးစားပေးလိုက်ရင် Admin ဘက်ကို အားနည်းသွားလေ့ရှိပါ တယ်။ ပြီးတော့ အကြမ်းအားဖြင့်ပြောရရင် Admin မန်နေဂျာတစ်ယောက်ရဲ့ တာဝန်က Rules and Regulation တွေကို Enforcement လုပ်ဖို့ဖြစ်လေ့ရှိပြီး အများအားဖြင့်သက်မဲ့တွေရဲ့ ကိစ္စရပ်တွေနဲ့ သက်ဆိုင်ပါတယ်။ HR ကတော့ အဖွဲ့အစည်းရဲ့ တန်ဖိုးအကြီးဆုံးပိုင်ဆိုင်မှုဖြစ်တဲ့၊ တန်ဖိုးဖြတ်ဖို့ မဖြစ်နိုင် တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ၊ ဝန်ထမ်းရေးရာကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။ ဘာလို့အဲဒီလိုပြောရသလဲဆိုရင် ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် တခြားကုမ္ပဏီတခုသုံးထားတဲ့ စက်ကိရိယာတွေ ၊ ဆော့ဝဲတွေ၊ ကုန်ကြမ်းတွေကိုဝယ်ယူလို့ရနိုင်ပေမယ့် အရည်အချင်းပြည့်မီတဲ့ဝန်ထမ်းတွေကို ရရှိထိန်း သိမ်းထားဖို့ကအရမ်းခက်ပါတယ် ။ Admin နဲ့ HR ကိုတွဲပြီး တာဝန်ယူလိုက်မယ်ဆိုရင် ဝန်ထမ်းတွေကို သက်မဲ့အရာဝတ္ထုတွေလို သဘောထားပြီး ကိုင်တွယ်မိသွားတဲ့အဖြစ်မျိုး တွေ့ကြုံရတတ်ပါတယ်။ လူသား တွေဖြစ်တဲ့ဝန်ထမ်းတွေရဲ့ စိတ်ခံစားမှုတွေကို ထည့်မစဉ်းစားဘဲ ကိုင်တွယ်ဆုံးဖြတ်တဲ့အခါမှာ ဆရာ ဦးရဲ မြင့် ( စွန့်ဦးတီထွင် ) ရေးတဲ့ စာအုပ်ခေါင်းစဉ်လို ” ကုမ္ပဏီကို ကျောခိုင်းတာမဟုတ်ဘူး မန်နေဂျာကို ကျောခိုင်းတာ ” ဆိုတဲ့အဖြစ်မျိုးတွေ ကြုံတွေ့လာရနိုင်ပါတယ်။ အဓိကဆိုလိုချင်တာက ကုမ္ပဏီကြီးသည် ငယ်သည်မဟူ၊ Admin နဲ့ HR ဌာနကို သီးခြားစီ ခွဲခြားထားစေချင်တာပါ။
( ဆ )HRမန်နေဂျာအဖြစ်စတင်တာဝန်ယူပြီဆိုရင်ဖြင့် 
နောက်ထပ်အရေးကြီးတာတစ်ခုကတော့ စရောက်ရောက်ချင်းနေ့မှာပဲ ကုမ္ပဏီကဝန်ထမ်းတွေနဲ့ ဖြစ်နိုင်သလောက် မိတ်ဆက်ထားဖို့ပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေနဲ့ ရင်းနှီးမှုရသွားမှလဲ ”ပုဂ္ဂိုလ်ခင်တော့တ ရားမင်” ဆိုသလို ကိုယ်ဆက်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ အဆင်ပြေပြေဆက်လုပ်နိုင်မှာပါ။ ဒါ ဟာ ဝန်ထမ်းတွေရဲ့ နှလုံးသားထဲကို စတင်ဝင်ရောက်နေရာယူလိုက်တာပဲပေါ့။
နောက်တစ်ခုက ကိုယ်တာဝန်ထမ်းဆောင်ရမယ့် ကုမ္ပဏီရဲ့ Internal Politics ကိုသိဖို့ကြိုးစားရပါ မယ်။ များသောအားဖြင့် ဘယ်လိုကုမ္ပဏီမှာမဆို လုပ်ငန်းရှင်ကိုလွှမ်းမိုးနိုင်တဲ့၊ ဝန်ထမ်းတွေကို လွှမ်းမိုးနိုင် တဲ့ ဝန်ထမ်းတစ်ချို့ရှိနေတတ်ပါတယ်။ သူတို့တွေဟာ လုပ်ငန်းရှင်ရဲ့အမျိုးအဆွေတွေ၊ ငယ်မွေးခြံပေါက် တပည့်တွေဖြစ်တတ်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့လုပ်ငန်းရှင်နဲ့ ရင်းနှီးမှု၊ လွှမ်းမိုးနိုင်မှုကိုအကြောင်းပြု ပြီး အခြားဝန်ထမ်းတွေအပေါ် သြဇာသက်ရောက်မှုတွေ ရှိကြပါတယ်။ အဲဒီလူတွေကို သိရှိထားခြင်းအား ဖြင့် ကိုယ်ဆက်လက်အကောင်အထည်ဖော်ရမယ့် HR လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ ကြိုး စားရာမှာ အများကြီးအထောက်အကူ ဖြစ်စေနိုင်ပါတယ်။
ဆိုလိုတာက HR မန်နေဂျာအနေနဲ့ အဲဒီလူတွေကို ရင်းနှီးမှုရယူဖို့ လိုအပ်တယ်လို့ ပြောချင်တာ ပါ။ သူတို့ကို ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေ၊ လုပ်ငန်းတာဝန်တွေ နားလည်သဘောပေါက်အောင် စည်း ရုံးနိုင်ပြီ ဆိုရင် သူတို့ရဲ့ယုံကြည်မှုကိုရပြီဆိုရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်တာတွေလဲ တစ်ဝက်အောင်မြင်ပြီလို့ ပြောလို့ရပါပြီ။
ပြီးတော့ ကျွန်တော်တို့ရဲ့ အထက်က Board of Director ဒါမှမဟုတ် အုပ်ချုပ်မှုဒါရိုက်တာနဲ့ အချိန် ပေးတွေ့ဆုံပြီး သူတို့ရဲ့ HR အပေါ်သဘောထား၊ HR လုပ်ငန်းစဉ်တွေရဲ့အရေးကြီးမှုအပေါ်သဘောပေါက် နားလည်မှုဘယ်လောက်ရှိသလဲဆိုတာတွေ၊ သူတို့ရဲ့ HR ဌာနဆီကရေတို၊ ရေရှည်မျှော်လင့်ချက်တွေသိ အောင် ကြိုးစားရပါလိမ့်မယ်။ တကယ်လို့များဖြစ်နိုင်မယ်ဆိုရင် ကုမ္ပဏီရဲ့ Business Plan ကို တောင်းယူ လေ့လာသင့်ပါတယ်။ ဒါမှလည်း ကိုယ့်ကုမ္ပဏီရဲ့သွားနေတဲ့ Trend ကိုသိရှိပြီး HR Planning တွေ ဆောင်ရွက်နိုင်မှာမဟုတ်ပါလား။ ဆိုလိုချင်တာက ကိုယ့်ကုမ္ပဏီဟာ တဖြည်းဖြည်းနဲ့ကြီးမားကျယ်ပြန့် လာနေတဲ့ကုမ္ပဏီလား။ ဒါမှမဟုတ် မှန်မှန်လေးပဲသွားနေတဲ့ကုမ္ပဏီလားသိရှိလာမှာဖြစ်ပါတယ်။ အဲဒါမှ ကိုယ့်ရဲ့ဝန်ထမ်းလိုအပ်ချက်တွေကို စဉ်းစားတွက်ချက်လို့ရမှာပါ။
မင်းခေါင် ( EMPA -8 )

No comments:

Post a Comment

Hi Welcome