Thursday, October 31, 2013

ပုလဲလိုလူ

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သမီးကို အမေက ပုလဲတစ်လုံးလက်ဆောင်ပေးပြီး ဆုံးမစကားပြောတယ်။
“သမီး… မေမေတို့မွေးထားတဲ့ကမာကောင်ရဲ့ကိုယ်ထဲကို အလုပ်သမားတွေက သဲတွေထည့်ပေးလိုက်ချိန်မှာ ကမာကောင်တွေဟာ အရမ်းအနေရခက်ကြတယ်။ ဒါပေမယ့် သဲတွေကိုထွေးထုတ်ပစ်ဖို့လည်း သူတို့မှာအင်အားမရှိကြဘူး။ ဒါကြောင့် ကမာကောင်တွေဟာ လူတွေကို အပြစ်ဆိုညည်းညူပြီး ကိုယ့်နေ့ရက်ကို စိတ်ညစ်ညစ်နဲ့ ဖြတ်သန်းမလား..? ဒါမှမဟုတ် အဲဒီသဲကို ကိုယ်နဲ့အတူပေါင်းစပ်ပြီး ကိုယ့်အသွေးတူ၊ အရည်တူဖြစ်အောင်လုပ်မလားဆိုတဲ့ လမ်းနှစ်ခုကိုရွေးကြရတယ်။
ဒီလိုနဲ့ ကမာကောင်တွေက ကိုယ့်အတွက်ခွန်အားဖြစ်စေတဲ့အာဟာရတစ်ချို့နဲ့ သဲကို ထုပ်လိုက်တယ်။ အထုပ်ခံရတဲ့သဲကို ကိုယ့်အသွေးအသား၊ ကိုယ့်အရည်တစ်ပိုင်းတစ်စလို့ သတ်မှတ်လိုက်တယ်။ သဲကိုထုပ်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းများလေ သဲကို ကိုယ့်အသွေးအသား တစ်ပိုင်းတစ်စလို့ သတ်မှတ်လေဖြစ်ပြီး ကမာကောင်တွေဟာ သဲနဲ့အတူ စိတ်ချမ်းချမ်းသာသာနေကြတော့တယ်”
ကမာကောင်ဆိုတာ ဦးနှောက်မရှိတဲ့ ကျောရိုးမဲ့သတ္တဝါဖြစ်ပြီး ပြောင်းလဲနှုန်းဟာလည်း နှေးကွေးကြတယ်။ ဦးနှောက်မရှိတဲ့ ဒီလိုသတ္တဝါကတောင် ကိုယ်ပြောင်းလဲလို့မရနိုင်တဲ့ ပတ်ဝန်းကျင်မှာ သင့်လျော်အောင်နေထိုင်တတ်တယ်။ ကိုယ့်ကို စိတ်ညစ်၊ စိတ်ဒုက္ခပေးတဲ့အရာကို ကိုယ်လက်ခံနိုင်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်အောင် ပြောင်းလဲကြတယ်။ လူတွေက ကမာကောင်လောက်တောင် အသိဉာဏ်မရှိနိုင်တော့ဘူးလား? ပုလဲဖြစ်စဉ်တွေကို ကြားဖူးနားဝရှိပါတယ်။ ဒါပေမယ့် ကမာကောင်ဘက်ကနေ တစ်ခါမှ မတွေးတော မခံစားခဲ့မိဘူး။
“Karl Paul Reinhold Niebuhr” ရဲ့ဆုတောင်းကျမ်းစာထဲက စာသားတစ်ခုက….
“ဘုရားသခင်.. တည်ငြိမ်တဲ့စိတ်နဲ့ ပြုပြင်ပြောင်းလဲလို့မရနိုင်တဲ့ အရာတွေကို လက်ခံနိုင်အောင် ကျွန်တော်တို့ကို ကြီးမားကျယ်ပြန့်တဲ့စိတ်သဘောထားနဲ့ ရက်ရောမှုကိုပေးပါ။
ပြုပြင်ပြောင်းလဲလို့ရနိုင်တဲ့ အရာတွေကို ပြောင်းလဲခွင့်ရအောင် ကျွန်တော်တို့ကိုသတ္တိတွေပေးပါ။
ပြုပြင်ပြောင်းလဲလို့ရနိုင်တာနဲ့ မရနိုင်တာကို ခွဲခြားသိမြင်တတ်အောင် ကျွန်တော်တို့ကို အသိဉာဏ်တွေပေးသနားလှည့်ပါ” လို့ဆိုထားတယ်။
လူ့ဘဝမှာ အမြဲတမ်း စိတ်တိုင်းမကျတာတွေ၊ စိတ်ညစ် စိတ်ပျက်စရာတွေနဲ့ ပြည့်နေတတ်တယ်။ အဲဒီအရာတွေကို ကမာကောင်လို ကိုယ်နဲ့အတူပေါင်းစပ်ပြီး စိတ်ပျော်ရွှင်အောင်လုပ်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ လုပ်နိုင်ဖို့ အသိဉာဏ်လိုပါတယ်။
နိုင်းနိုင်းစနေ

ကောင်းလိုက်တဲ့ပညာရေး

ကျွန်တော့် မိတ်ဆွေက သူ့သားကို ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ ထားတယ်။ အဲဒီကျောင်းက လူတိုင်းပါးစပ်ဖျားက ကြယ်ပွင့်ငါးပွင့်ရ နာမည်ကြီးကျောင်းပေါ့။ ကျောင်းလခဈေးကြီးလို့ ဘုရားတ,ရတဲ့ကျောင်း။ ကျွန်တော့်မိတ်ဆွေက စီးပွားရေးအသေးစားနဲ့ အသက်မွေးဝမ်းကျောင်းသူမို့ ဒီလောက်ကျောင်းလခများတဲ့ကျောင်းမှာ ဘာဖြစ်လို့ သားကို ထားရသလဲလို့ ကျွန်တော်ကမေးတော့ “ကလေးရဲ့ရှေ့ရေးအတွက်ပါ… ကောင်းတဲ့ပညာရေးအတွက် ကျွန်တော်တို့ကုန်ကျရတာ တန်ပါတယ်”လို့ သူကပြောတယ်။
ဒါပေမယ့် အခုတစ်လော ကလေးနဲ့အတူ သချာင်္အိမ်စာတစ်ပုဒ်ကို သူကူလုပ်ရင်း စိတ်တိုဒေါသထွက်ပြီး ကျောင်းက ဆရာမကိုသွားရှာ ဆွေးနွေးခဲ့တယ်။
သချာင်္ပုစ္ဆာက အကြမ်းအားဖြင့် ဒီလိုပါ….
တောင်ပြိုတာနဲ့ကြုံတော့ တောင်တက်သမား A ကို B နဲ့ C က ကယ်တင်လိုက်တယ်။ B မှာ ပေါင်မုန့် ၄ချပ်ရှိတယ်။ C မှာ ပေါင်မုန့်၅ချပ်ရှိတယ်။ ဗိုက်ဆာတော့ ဒီပေါင်မုန့်ကို သူတို့သုံးယောက် အညီအမျှခွဲကြတယ်။ A က သူ့မှာရှိတဲ့ ပိုက်ဆံ ၆ဝဝကို ထုတ်တယ်။ B နဲ့ C က A ဆီမှာ ငွေဘယ်လောက်ယူရမလဲ?
ပုစ္ဆာရဲ့ဖြေရှင်းနည်းအမှန်က B က ၂ဝဝရတယ်။ C က ၄ဝဝရတယ်။ B က သူကိုယ်တိုင် ၃ချပ်စားပြီး A ကိုတစ်ချပ်ပေးလို့။ C က သူကိုယ်တိုင် ၃ချပ်စားပြီး A ကိုနှစ်ချပ်ပေးလို့။ Aကိုပေးလိုက်တဲ့ Bနဲ့C ရဲ့ပေါင်မုန့်အချိုးက ၁း ၂ ဖြစ်တယ်။ ဒါကြောင့် ၁း ၂အတိုင်း B ကို ၂ဝဝ၊ C ကို ၄ဝဝ ပေးတယ်။
သချာင်္သဘောတရားကနေကြည့်ရင် ဒါဟာလော့ဂျစ်ဆန်တဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့။ အကျိုးအကြောင်းသင့်တယ် ယူဆချက်တိကျတယ်။ ဖြေရှင်းနည်းမှန်ကန်တယ်ပေါ့။ ထိုင်ဝမ်က ပညာရေးသစ် နည်းစနစ်သစ်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး မိဘအုပ်ထိန်းသူတွေကို သချာင်္ဆိုတဲ့စကားကိုကြားတာနဲ့ မျက်စိမျက်နှာပျက်အောင်လုပ်ခဲ့ပေမယ့်၊ အထောက်အကူဖြစ်စေတဲ့နည်းတွေနဲ့ သင်ကြားရင် ကလေးတွေ ပိုတုံး ပိုအသွားမှာကို စိုးတယ်ဆိုပေမယ့် ဒီပုစ္ဆာက မျှမျှတတနဲ့ ရှင်းရှင်းလင်းလင်း တွက်ချက်နိုင်တဲ့ပုစ္ဆာပါ။ ဒါပေမယ့် သားသမီးကို အဆင့်မြင့်ပညာရေး သင်ယူစေမယ်ဆိုတဲ့ ကျွန်တော့်မိတ်ဆွေက ဒီပုစ္ဆာဖြေရှင်းနည်းကို ကြည့်ပြီး အရမ်းစိတ်ထိခိုက်ခဲ့တယ်၊ ဒေါသထွက်ခဲ့တယ်။
“ဘာဖြစ်လို့ ဒီလိုပုစ္ဆာမျိုး ထုတ်ရသလဲ.. တခြားပုစ္ဆာမထုတ်ဘဲ ဘာဖြစ်လို့ ဘေးအန္တရာယ်ကြုံသူတစ်ယောက်ဆီကနေ ပေါင်မုန့်ဖိုးတောင်းရသလဲ” လို့ သူနာနာကျင်ကျင်ပြောပါတယ်။
“ဟုတ်တာပေါ့.. ဒီလောက်ဈေးကြီးတဲ့ပေါင်မုန့် ဘယ်ဆိုင်ကရောင်းသလဲ”လို့ သူ့မိန်းမကပါ ဝင်စွက်ပါတယ်။
ကျောင်းက ဆရာ၊ ဆရာမနဲ့ ကျွန်တော်မိတ်ဆွေတို့ အစည်းအဝေးတစ်ခုလုပ်ပြီး ဒီပုစ္ဆာအတွက် လူပီသတဲ့၊ လူဆန်တဲ့ “ဘေးအန္တရာယ်ကြုံသူတစ်ယောက်ဆီကနေ ပိုက်ဆံယူဖို့ မလိုဘူး”ဆိုတဲ့ အဖြေပေးဖို့ ဆွေးနွေးခဲ့ကြတယ်။ ကျောင်းက ဆရာ ဆရာမတွေက သူ့အပြောကို လေးလေးစားစား လက်ခံခဲ့ပါတယ်။ ပြဌာန်းစာအုပ်က ဆရာ ဆရာမတွေ တည်းဖြတ်တာမဟုတ်လို့ နောက်ပိုင်းမှာ ဒီလိုမျိုးမဖြစ်အောင် သတိထားမယ်ဆိုတဲ့အကြောင်း တောင်းပန်ပါတယ်။ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် သူ့ကိုတောင်းပန်မှန်း သူနားလည်ပါတယ်။ သူ့ကလေးက ဒီလိုပညာရေးပတ်ဝန်းကျင်၊ ဒီလိုပညာရေးစနစ်အောက်မှာ သူထင်မှတ်မထားတဲ့ ပုံစံအတိုင်း တဖြည်းဖြည်း ပုံသွင်းခံနေရပြီဆိုတာကို သူနားလည်လိုက်တယ်။
ဒီလိုခေတ်ပညာရေးအပေါ် သူဘာမှလုပ်နိုင်တဲ့ အင်အားလည်းမရှိ မကျေမနပ်လည်း ဖြစ်သေးတာမို့ “ကျောင်းပညာရေးက တစ်ပိုင်းသပ်သပ်မို့ တော်သေးတယ်။ မိသားစုပညာရေးနဲ့ ဒီကလေးရဲ့စိတ်ဓာတ်ကို ငါတို့ပြုပြင်ဖာထေးပေးနိုင်လို့ တော်သေးတယ်။ နောက်ဆိုရင် ကလေးရဲ့ကျောင်းသင်ခန်းစာအပေါ် ငါတို့ အချိန်ပေးပြီး ပိုဂရုစိုက်ရလိမ့်မယ်”
သူ့ရဲ့ပညာရေးအပေါ်ထားတဲ့ စိတ်သဘောထားကို ကျွန်တော်နှစ်သက်မိတယ်။ အကောင်းမြင်တဲ့မိဘတစ်ဦးက ကလေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးတစ်ခုပေးနိုင်ပါတယ်။
ကျောင်းပညာရေးက အသိပညာ၊ ဗဟုသုတပညာရေးကို ဦးစားပေးသင်ကြားတာမို့ ကိုယ်ကျင့်တရားပိုင်းမှာ လျစ်လျူရှုမိတတ်တယ်။ ဒါကို ကျွန်တော့်မိတ်ဆွေက သတိထားမိတယ်။ ဒီကိုယ်ကျင့်တရားပိုင်းကို မိသားစုပညာရေးနဲ့ အခြေခံထားပြီး သင်ကြားရပါတယ်။ ကျောင်းပညာရေးကိုပဲ အားကိုးလို့ မရနိုင်ပါဘူး။ လူ့ဘဝအောင်မြင်ဖို့ရာ အသိပညာချည်းကိုပဲ အားကိုးလို့မရပါဘူး။ အရာအားလုံးထဲမှာ အသိပညာက တစ်စိတ်တစ်ဒေသပဲ ပါဝင်တာမို့ပါ။
ထိုင်ဝမ်စာရေးဆရာ Wu Ruo Quan (吳若權) ရဲ့ စာအုပ်တစ်အုပ်မှာပါတဲ့ စာပိုဒ်လေးတစ်ပိုဒ်ပါ။ ဘာသာပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ (August. 8. 2013)

၉၉ ပုံပြင်

တခါတုံးက အလွန်ကြွယ်ဝချမ်းသာပြည့်စုံစွာ နေနေရပေမဲ့ ဘယ်တော့မှ ရောင့်ရဲခြင်းမရှိတဲ့ ဘုရင်တပါးရှိတယ်။
တနေ့တော့ သူဟာ သူ့နန်းတော်အတွင်း လှည့်လည်ကြည့်ရှုနေတုံး သီချင်းလေးတအေးအေးနဲ့ ပျော်ရွှင်စွာ အလုပ်လုပ်နေတဲ့ သူ့ရဲ့အမှုထမ်း တစ်ယောက်ကို သွားတွေ့တော့ အဲ့ဒီမြင်ကွင်းက သူ့ကို အလွန်စိတ်ဝင်စားစေတယ်။ အဲ့ဒါနဲ့ သူလဲ အဲ့ဒီသူအနားကို သွားပြီး “ဘာလို့ အဲ့လောက်တောင်များ စိတ်အေးလက်အေး ပျော်ရွှင်နေနိုင်သလဲ” လို့ မေးသတဲ့ ။
အဲ့ဒီတော့ အမှုထမ်းက “အရှင် .. ကျွန်တော်မျိုးက သခင့်အမှုထမ်းပါ။ ဘာမှ ထူးထူးခြားခြားလူတစ်ယောက် မဟုတ်ပါဘူး ။ ကျွန်တော်မျိုးနဲ့ ကျွန်တော့်မိသားစုအတွက် အများကြီးမလိုပါဘူး။ အမိုးအကာလုံခြုံတဲ့နေရာလေးတစ်ခုနဲ့ အစာအိမ်ကို ဖြည့်တင်းပေမဲ့ လုံလောက်တဲ့ အစားအစာတွေရှိနေရင် ပြည့်စုံပါတယ်” တဲ့ ။
ဘုရင်ဟာ အမှုထမ်းရဲ့စကားကို အကျေနပ်ကြီးမဟုတ်တော့ သူ့ရဲ့အတိုင်ပင်ခံအမတ်ကို အဲ့ဒီအကြောင်းပြောပြတော့ အမတ်ကြီးက “အရှင်မင်းကြီး ..ခုန အမှုထမ်းဟာ ကိုးဆယ်ကိုးအသင်းဝင် (99 Club) တစ်ယောက် မဖြစ်သေးလို့ပါ” တဲ့ ။
အမတ်ကြီးရဲ့ ကိုးဆယ်ကိုးအသင်းဝင် ဆိုတဲ့စကားကို ကြားတော့ ဘုရင်က အလွန်အံ့အားသင့်သွားပြီး ဆက်လက်မေးမြန်းတယ်။
“အရှင်မင်းကြီး ..ကျွန်တော်မျိုး ရွှေဒင်္ဂါးပြား ကိုးဆယ်ကိုးပြားကို ထုတ်ပိုးပြီး အမှုထမ်းရဲ့ အိမ်ရှေ့တံခါးဝမှာ သွားထားပြီးရင် အရှင်မင်းကြီး
သိလာပါလိမ့်မယ်” လို့ အမတ်ကြီးက လျှောက်ထားတယ် ။
နောက်တနေ့ရောက်လို့ သူ့အိမ်ရှေ့က ရွှေဒင်္ဂါးပြားထုပ်ကိုလဲတွေ့ရော အမှုထမ်းက ဝမ်းသာအားရနဲ့ အိမ်ထဲကိုယူသွားပြီး ဒင်္ဂါးပြားတွေကို စရေတွက်တော့တာပဲ ။ ကိုးဆယ်ကိုးပြားပဲရှိတဲ့ ဒင်္ဂါးပြားတွေကို သူ ရေတွက်ပြီးတဲ့အချိန်မှာ “မဖြစ်နိုင်ဘူး။ ဘယ်သူမှ ကိုးဆယ့်ကိုးခုတော့ မထားလောက်ပါဘူ။ နောက် ဒင်္ဂါးတစ်ပြား ရှိကိုရှိရဦးမယ်” ဆိုပြီး သူဟာ နေရာအနှံ့ရှာတော့တာပဲ ။ နောက်ဆုံး ခြေကုန်လက်ပမ်းကျပြီး မောကြီးပန်းကြီးနဲ့ အိမ်က လူတွေကိုပါ ဆူပူမာန်မဲ ရှာခိုင်းတယ်။
မတွေ့တော့တဲ့အဆုံးမှာ သူက အဲ့ဒီဒင်္ဂါးတစ်ပြားကို သူ့လုပ်အားနဲ့ မရရအောင် ဖြစ်စေရမယ်ဆိုပြီး ခါတိုင်းထက် နှစ်ဆပိုလုပ်၊ အိမ်က လူတွေကိုလဲ အရင်လိုကောင်းကောင်းစကားမပြော၊ အလုပ်ထဲမှာလဲ စိတ်အေးလက်အေးမရှိနဲ့ အပြောင်းလဲကြီး ပြောင်းလဲသွားတယ်။
အဲ့ဒါကို မြင်တွေ့နေရတဲ့ ဘုရင်ကြီးက သူ့ရဲ့အသွင်ပြောင်းမှုကို အံ့သြတကြီးဖြစ်ပြီး အမတ်ကြီးကို မေးပြန်တယ် ။
အဲ့ဒီတော့မှ အမတ်ကြီးက “အရှင်မင်းကြီး .. အမှုထမ်းဟာ အခုတော့ ကိုးဆယ်ကိုးအသင်းသားတစ်ယောက်ဖြစ်သွားပါပြီ”.. နောက် .. သူကဆက်ပြီး ရှင်းပြတယ် ။
ဘာလို့ ကိုးဆယ်ကိုး အသင်းဝင် လို့ ခေါ်ဆိုရသလဲဆိုတော့ “တချို့တချို့လူတွေရဲ့ဘဝဟာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ရာ လုံလောက်ပြည့်စုံတဲ့ အနေအထားတစ်ခုရှိနေပေမဲ့ ဘယ်တော့မှ မရောင့်ရဲနိုင်သေးပဲ ကျန်တဲ့ အပိုတစ်ခုနောက် အသဲအသန်လိုက်ရင်း ပင်ပန်းဆင်းရဲနေရတဲ့သူ တွေကို ဆိုလိုတာပါ” တဲ့။
ဘဝမှာ ကိုယ်ပိုင်ဆိုင်သလောက်နဲ့ တင်းတိမ်ရောင့်ရဲ ပျော်ရွှင်နေနိုင်ပါတယ် ။ ကြီးကြီးမားမားပိုင်ဆိုင်မှုတွေ များများစားစား ရလာတာနဲ့အမျှ ပေးဆပ်မှုတွေ ပိုများပြားလာသလို ကိုယ်ချစ်တဲ့သူတွေကိုတောင် ထိခိုက်နစ်နာစေတဲ့အနေအထားမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တစ်စုံတစ်ခုကို မိမိရယူလိုက်တိုင်းမှာ ပေးဆပ်လိုက်ရတဲ့အရာတစ်ခု ရှိနေတယ်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့ ။ —