Monday, March 18, 2013

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၃ )


( ဃ ) ခဲတံပုံပြင်
HRအကြောင်းဆက်မပြောခင်မှာဖတ်ဖူးတဲ့ Pencil Story ဆိုတဲ့ပုံပြင်လေးတစ်ပုဒ်အရင်ပြောချင်ပါ တယ်။
ပုံပြင်လေးကဒီလိုပါ။
ခဲတံလေးတစ်ချောင်းကို ထုတ်လုပ်ပြီး ခဲတံဘူးထဲကိုမထည့်ခင်မှာသူ့သခင်က ” ခဲတံလေးရေ မင်း ကိုဒီဘူးလေးထဲမထည့်ခင် မင်းသိဖို့လိုတဲ့ အချက် ( ၅ ) ချက်ကို ငါပြောပြချင်တယ်။ အဲဒီအချက် ( ၅ ) ချက်ကို မင်းသေချာမှတ်ထားပြီး လိုက်နာဆောင်ရွက်ပါ။ လုံးဝမမေ့မလျော့ဘဲ အဲဒီအချက်တွေအတိုင်း မင်းလိုက်နာသွားမယ်ဆိုရင် မင်းဟာအကောင်းဆုံးခဲတံတွေထဲကတစ်ချောင်းဖြစ်လာလိမ့်မယ်”လို့ ဆိုပါ တယ်။
ပြီးတော့ သူ့သခင်က အခုလိုဆက်ပြောပါတယ်။
ပထမအချက်ကတော့ ခဲတံလေးရေ၊ မင်းဟာလောကထဲကို ရောက်သွားတဲ့အခါ အင်မတန်မှကြီး ကျယ်ခမ်းနားတဲ့အရာတွေကို မင်းစွမ်းဆောင်နိုင်မယ်ဆိုတာ ငါသံသယမဖြစ်ပါဘူး။ ဒါပေမယ့် အဲဒီလို စွမ်း ဆောင်နိုင်ဖို့အတွက် မင်းတယောက်ထဲစွမ်းဆောင်လို့ရမှာမဟုတ်ဘူး။ မင်းဟာတစ်စုံတစ်ယောက်သောသူ ရဲ့လက်ထဲမှာ ရှိနေမှသာဖြစ်နိုင်မှာပါ။ ( ခဲတံကို တယောက်ယောက်ကကိုင်ပြီးရေးမှသာ ရေးလို့ရတာပါ ) ။
ဒုတိယအချက်က လောကထဲကို မင်းရောက်တဲ့အခါအချိန်အမြဲတမ်း ကြုံတွေ့ရမှာက မင်းရဲ့အ သားတွေ ကိုအလွှားလိုက်လှီးထုတ်ပြီး မင်းကိုနာကျင်စေမယ့်ချွန်စက်ပဲဆိုတာမင်းသိရမယ်။ ဒါပေမယ့် အဲဒီ ချွန်စက်ကြောင့်ဘဲ မင်းဟာအသုံးဝင်တဲ့ခဲတံတချောင်းဖြစ်လာတယ်ဆိုတာ မင်းမမေ့နဲ့နော်။
တတိယအချက်ကတော့ မင်းပြုလုပ်ခဲ့တဲ့အမှားတွေကို မင်းရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ပြန်လည် ပြင်ဆင်နိုင်ရမယ်f။ အဲဒီလိုလုပ်နိုင်ဖို့အတွက် မင်းရဲ့ကိုယ်မှာခဲဖျက်ပါဝင်ပြီးသားပဲမဟုတ်လား။
စတုတ္ထအချက်ကတော့ မင်းရဲ့အရေးအကြီးဆုံးအစိတ်အပိုင်းဟာ မင်းရဲ့အတွင်းအဇ္ဈတ္တဆိုတာ မင်း သိထားရမယ်။ ( ခဲတံတချောင်းမှာ အရေးအကြီးဆုံးက အတွင်းဆုံးအပိုင်းမှာရှိတဲ့ ခဲသားပါ ) ။
ပဉ္စမအချက်ကတော့ ဘယ်လိုကြမ်းတမ်းတဲ့မျက်နှာပြင်မျိုးမှာ ရေးခြစ်ရတာပဲဖြစ်စေ မင်းရဲ့တာ ဝန်က မင်းအဲဒီနေရာကိုရောက်ခဲ့တယ်ဆိုတဲ့ အမှတ်အသားတစ်ခုမင်းချန်ထားခဲ့နိုင်ရမယ်။ ဘယ်လိုအေ ကြာင်းပြချက်မျိုးနဲ့ မှ မင်းငြင်းဆန်ခွင့်မရှိဘူးနော်၊ မင်းရေးကိုရေးခြစ်ရမှာပဲ။
သူ့သခင်ရဲ့စကားဆုံးသွားတဲ့အခါမှာ ခဲတံလေးက ဟုတ်ကဲ့ပါသခင်။ ကျွန်တော်မျိုး နားလည်ပါ တယ်။ သခင့်စကားအတိုင်း လိုက်နာဆောင်ရွက်ပြီး သခင်ဖြစ်စေချင်တဲ့အကောင်းဆုံး ခဲတံတစ်ချောင်း ဖြစ်အောင် ကြိုးစားပါမယ်လို့ ကတိပေးပြီး ခဲတံဘူးလေးထဲကိုဝင်သွားပါတယ်။
( င ) ခဲတံပုံပြင်နှင့်ံHR မန်နေဂျာများ
ကဲ….အဲဒီခဲတံလေးရဲ့နေရာမှာ ကျွန်တော်တိုံ့HRမန်နေဂျာတွေကို အစားထိုးကြည့်ကြရအောင်။
ပထမအချက်။ ကျွန်တော်တို့တွေဟာ ဘဝမှာ ခမ်းနားကြီးကျယ်တဲ့အောင်မြင်မှုတွေ အများကြီးရရှိအောင် စွမ်းဆောင်နိုင်မှာဖြစ်ပေမယ့် အဲဒီလိုအောင်မြင်မှုတွေ ရရှိနိုင်အောင် ကျွန်တော်တို့ဟာ ကိုယ်ကျင့်သိက္ခာ ရဲ့ ထိန်းကွပ်မှုအောက်မှာ ရှိနေဖို့လိုပါတယ်။ မူရင်းဇာတ်လမ်းမှာကတော့ ( if you allow yourself to be held in the God hand. ) လို့ ဆိုပါ တယ်။
ဒုတိယအချက်။ လုပ်ငန်းခွင်ထဲကို ရောက်သွားတဲ့အခါမှာ နောက်ကနေ ပခုံးကိုလှမ်းပုတ်ပြီး အခွင့်အရေး တွေ လက်ထဲထိုးထည့်ပေးမယ့်သူ ရှိမှာမဟုတ်ပါဘူး။ သေချာတာကတော့ ကိုယ်ကလှည့်ကြည့်လိုက်တဲ့အ ချိန်မှာ မျက်နှာတည့်တည့်ကို လက်သီးတစ်လုံးဝင်လာတာမျိုးပဲ တွေ့ရဖို့များပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ လုပ် ငန်းရှင်တွေဘက်ကလဲ ဝန်ထမ်းတွေရဲ့ဘက်တော်သားတစ်ယောက်ထပ်တိုးလာပြီ။ ကုန်ကျစရိတ်တွေ ထပ် တက်လာတော့မှာပဲလို့ စဉ်းစားတာမျိုးတွေ ရှိနိုင်သလို ဝန်ထမ်းတွေဘက်ကလည်း ငါတို့ကိုကြပ်မယ့်သူ တစ်ယောက်တော့ တိုးလာပြန်ပြီဆိုပြီး ဆန့်ကျင်ဖို့ကြိုးစားမှုတွေ တွေ့လာရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ ကျွန်တော်တို့ရဲ့အရည်အသွေးကို တောက်ပြောင်လာစေမယ့် ကျွန်တော်တို့ကိုသွေးပေး တဲ့ ဖြစ်ရပ်တွေလို့ ခံယူပြီး ကိုယ့်တာဝန်ကိုယ်ကျေအောင် ဆက်လုပ်ကြရမှာပါ။
တတိယအချက်။ နောက်တချက်အနေနဲ့ကတော့ ခုနကပြောခဲ့တဲ့ ခဲတံကလေးလိုဘဲ ကျွန်တော်တို့ ဟာ တစ်ချိန်ချိန်မှာ အမှားတွေကို ကျုးလွန်မိကြမှာ ဓမ္မတာပါ။ ဒါပေမယ့် အလုပ်လုပ်ရင် အမှားတွေ့ရတတ် စမြဲပါ။ အမှားတွေ့မှာကြောက်လို့ အမှားလုံးဝမရှိအောင် ဘာမှမလုပ်ဖူးဆိုရင်တောင်မှပဲ ဘာမှမလုပ်တဲ့ အမှားတစ်ခု ကျူးလွန်မိဥိးမှာပါ။ အမှားကိုတွေးကြောက်နေမယ့်အစား ကိုယ့်အမှားကို ဝန်ခံရဲတဲ့ သတ္တိမွေး ပြီး အမှန်ရောက်အောင်ပြင်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ အမှားတွေကိုသင်ခန်းစာယူပြီး ပိုမိုတောက်ပြောင်တဲ့ ဘဝတခု ဖန်တီးနိုင်အောင်ကြိုးစားရမှာပါ။
စတုတ္ထအချက်။ လေးအချက်အနေနဲ့ အရေးပါဆုံးအစိတ်အပိုင်းဟာ ကိုယ့်ရဲ့အတွင်းအဇ္ဈတ္တပဲဆိုတာ နားလည်ထားဖို့လိုပါတယ်။ ခဲတံမှာ ခဲသားကောင်းမှ ရေးလို့ကောင်းသလို လူတွေမှာ ပင်ကိုအရည်အချင်း ရှိမှ လုပ်ငန်းတွေအောင်မြင်အောင်ဆောင်ရွက်နိုင်မှာပါ။
ပဉ္စမအချက်။ နောက်ဆုံးအချက်အနေနဲ့က ဘယ်လိုအခက်အခဲမျိုးကို ကြုံတွေ့ရသည်ဖြစ်စေ ရောက်ရာ နေရာမှာ မိမိတို့ရဲ့ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်ကို ပြသနိုင်ဖို့ကြိုးစားကြရမှာဖြစ်ပါတယ်။ You were made to do Great Things ဆိုတာဘယ်တော့မှမမေ့ပါနဲ့။
အခုဖော်ပြခဲ့တဲ့ အချက် ( ၅ ) ချက်က HRManager ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အခြေခံ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီ ( ၅ ) ချက်ပြည့်စုံရုံနဲ့ ပြည့်စုံလုံလောက်ပြီလို့ မဆိုနိုင်ပါဘူး။
မင်းခေါင် ( EMPA – 8 )

No comments:

Post a Comment

Hi Welcome