Monday, March 18, 2013

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၂ )

( ခ ) HRမန်နေဂျာများနှင့်လုပ်ပိုင်ခွင့်
ပထမဆုံးအနေနဲ့အခုအများဆုံးကြားသိမြင်တွေ့နေရတဲ့အချက်တချက်ကို ထောက်ပြချင်ပါတယ်။ ဒါကတော့ HR မန်နေဂျာတွေ လုပ်ပိုင်ခွင့်အပြည့်အဝမရကြဘူးဆိုတာပါဘဲ။ မှန်ပါတယ်။ HR ဌာနရဲ့အသုံး စရိတ်ကို ရင်းနှီးမြှုပ်နှံမှု ( Investment ) လို့မမြင်ဘဲ ( Expense ) လို့မြင်နေဆဲဖြစ်တဲ့ လုပ်ငန်းရှင်တွေ အများကြီးရှိနေ သေးသလို HR ကို စီမံရေးနဲ့ တွဲပြီးစဉ်းစားနေကြတုန်းပါပဲ။ ပြီးရင် HR မန်နေဂျာတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်သတ်မှတ်ပေးမထားဘဲ လုပ်ငန်းရှင်တွေက ဝင်ဆုံးဖြတ်ပေးတာ၊ မဖြစ်မနေခန့်ရတဲ့ကိစ္စ တွေကလည်းရှိနေပါသေးတယ်။ ရှိပါစေတော့လေ။ ဝန်ထမ်းနဲ့လုပ်ငန်းရှင်ကြားမှာ အဆင်မပြေမှု အဖုအ ထစ်လေးတွေကတော့နေရာ တိုင်းရှိစမြဲဖြစ်ပါတယ်။ HR မန်နေဂျာတွေဘက်ကဘာတွေဖြည့်ဆည်းပေးရ မယ်ဆိုတာကို စပြီးစဉ်းစားကြရအောင်ပါ။
( ဂ ) HR မန်နေဂျာများနှင့်ကိုယ်ကျင့်သိက္ခာ
ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ HR Manager တွေ ကိုယ်ကျင့်သိက္ခာနဲ့ပြည့်စုံရဲ့လား ဆို တာပါ။ ကိုယ်ကျင့်သိက္ခာဆိုတာ HR မန်နေဂျာတစ်ယောက်အတွက် အရေးကြီးဆုံးအရာဖြစ်ပါတယ်။ တကယ်တော့လည်း HR မန်နေဂျာဆိုတာထက် လူသားအားလုံးအတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။ အများရဲ့ရှေ့မှာ စံပြဖြစ်အောင်နေပြဖို့ ဆိုတာ HR မန်နေဂျာတွေရဲ့တာဝန်ပါ။ ကိုယ်ရဲ့အလုပ်ရှင်အပေါ်မှာ လုပ်ငန်းဆိုင်ရာကျင့်ဝတ်စောင့်ထိန်းဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါမှမဟုတ်ရင်တော့ အလုပ်ရှင်နဲ့ ကိုယ်နဲ့ကြားက အပြန်အလှန်ယုံကြည်မှုပျောက်ဆုံးပြီး လုပ်ငန်းခွင်မှာ အခက်အခဲတွေ အများကြီးကြုံလာရနိုင်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကိုယ်တွေ့ကြုံဖူးတာလေးပြောပြချင်ပါတယ်။
တစ်ခါက ဘုရင့်နောင်လမ်းကကုမ္ပဏီတစ်ခုမှာ လုပ်ငန်းခွဲတစ်ခုအတွက် အထွေထွေမန်နေဂျာရာ ထူး အလုပ်ခေါ်ပါတယ်။ အဲဒါနဲ့ အသေးစိတ်သိချင်လို့ ကြော်ငြာမှာပါတဲ့ ဖုန်းနံပါတ်ကို လှမ်းပြီးဆက်သွယ် ကြည့်တော့ HR မန်နေဂျာနဲ့ ပြောပါလို့ဆိုပါတယ်။ အဲဒီ HR မန်နေဂျာနဲ့ဖုန်းဆက်ပြီးစကားပြောကြည့် တော့ အလုပ်ခေါ်တာ တွေ့လို့ အသေးစိတ်သိချင်လို့ လှမ်းဆက်တာပါဆိုတဲ့အခါ မမျှော်လင့်ထားတဲ့ အ ဖြေတစ်ခုရပါတယ်။ အဲဒါက အဲဒီရာထူးကို ခေါ်သာခေါ်တာပါတဲ့။ တကယ်တမ်းက အစကတည်းကသူ့ကို ဒီနေရာပေးဖို့ စီစဉ်ပြီးသားမို့လို့ လာလျှောက်လဲ ပင်ပန်းတာပဲရှိမှာပါတဲ့။ လျှောက်ချင်းလျှောက်ရင် သူရဲ့ HR မန်နေဂျာရာထူးကိုလျှောက်တာ ပိုကောင်းပါတယ်တဲ့။ ကျွန်တော်ကတော့ ဘာဆက်လုပ်ရမလဲတောင် စဉ်းစားလို့မရတော့ဘူး။ တကယ်တမ်းတော့ HR မှာ Recruitment လုပ်တယ်ဆိုတာ HR လုပ်ငန်းစဉ် တစ် ခုရဲ့အစိတ်အပိုင်းသေးသေးလေးတစ်ခုပါ။ Recruitment ရဲ့နောက်မှာ ဆက်လုပ်ရမည့် လုပ်ငန်းတာဝန် တွေ အများကြီးရှိပါသေးတယ်။
HRမန်နေဂျာတစ်ယောက်ရဲ့ Recruitment & Selection ပိုင်းကတာဝန်က လာရောက်လျှောက် ထားတဲ့သူ တွေရဲ့ CV ကိုသေချာဖတ်ရှုပြီး မိမိလုပ်ငန်းလိုအပ်ချက်အတွက် အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်တဲ့သူတွေရဲ့ CV တွေကိုရွေးချယ်၊ ပဏာမတွေ့ဆုံပြီးမှ အလားအလာရှိသူတွေကို မိမိအထက်ကို ဆက် လက်တင်ပြပြီး အဆုံး အဖြတ်ခံယူရမှာဖြစ်ပါတယ်။ ရံဖန်ရံခါမှာ လုပ်ငန်းရှင်တွေရဲ့လိုအပ်ချက်အားလုံးကို HR မန်နေဂျာကမသိနိုင်ပါဘူး။ HR မန်နေဂျာဆိုတာ ကိုယ်တင်ပေးချင်တဲ့သူရဲ့၊ ကိုယ်နဲ့ရင်းနှီးပတ်သက် တဲ့သူရဲ့ CV ကိုပဲ တင်ပေးဖို့မဟုတ်ပါဘူး။
ဒါပေမယ့် အဲဒီရာထူးအတွက် လျှောက်လွှာတင်ဖြစ်အောင် သွားတင်လိုက်ပါသေးတယ် ။ တစ်လ လောက်ကြာတဲ့အထိ အင်တာဗျူးမခေါ်လို့ (သိတာတော့ ကြိုသိပြီးသားပါ ) အေဂျင်စီတစ်ခုကို လှမ်းမေး လိုက်ပါတယ်။ သူတို့ဆီကကော အင်တာဗျူးခေါ်ထားသေးသလားပေါ့။ အဲတော့ သူတို့လဲ CV တွေတင် ထားတာ အခုထက်ထိ မခေါ်သေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့်အလုပ်ခေါ်ကြော်ငြာကတော့ထည့်နေတုန်း ပါဘဲ။ အဲဒါနဲ့အဲဒီအေဂျင်စီကို အကြံပေးလိုက်တယ်။ ဒီတခါ CV သွားတင်ပေးရင် HR မန်နေဂျာဆီကို မ တင်ဘဲ MD ဆီကို တိုက်ရိုက်တင်ပေးပါလို့။ ကိုယ်တိုင်လည်း HR လုပ်ဖူးလို့ နားလည်ပေမယ့် အဲဒီလိုမ လုပ်ရင်မရနိုင်တော့ဘူးဆိုတာသိလို့ အကူအညီ တောင်းလိုက်ရတာပါ။ သိပ်မကြာခင်မှာဘဲ အင်တာဗျူး လာဖြေပါလို့ လှမ်းပြီးဆက်သွယ်ပါတယ်။ ဆက်သွယ်သူက ခုနကပြောတဲ့ HR မန်နေဂျာကြီးမဟုတ်ဘဲ အ ခြားဝန်ထမ်း တစ်ယောက်ပါ။ ကျွန်တော်ထင်ပါတယ်၊ သူ့ရဲ့လုပ်ငန်းရှင်ကတော့သိပုံမရပါဘူး။
ဆိုတော့ HRမန်နေဂျာတွေက ကိုယ့်ရဲ့အလုပ်ရှင်တွေအပေါ်မှာ Ethical ဖြစ်ရဲ့လားဆိုတာအလွန် အရေးကြီးပါတယ်။ ကိုယ့်ဘက်က ကိုယ်ကျင့်သိက္ခာမပြည့်စုံဘဲနဲ့အလုပ်ရှင်ရဲ့ယုံကြည်မှုရဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ အပြန်အလှန်ယုံကြည် စိတ်ချရမှု ( Mutual Trust ) ရှိမှသာလျှင် လုပ်ပိုင်ခွင့်ဆိုတာ ဖြစ်လာမှာပါ။ ဒါမှလဲ ဝန်ထမ်းတွေကော လုပ်ငန်းရှင်တွေကော ယုံကြည်ကိုးစားမှုခံရပြီး HR လုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည်ဖော်သွားနိုင်မှာဖြစ်ပါတယ်။ အဲဒီအချိန်ကျရင်တော့ အလုပ်ရှင်တွေကော ၊ ဝန်ထမ်း တွေ ကပါ HR လား ဟေ့၊ ဝင်ခဲ့လေကွယ်ဆိုပြီး လက်ကမ်းကြိုကြမှာဖြစ်ပါတယ်။ HR မန်နေဂျာတွေအနေနဲ့ အောက်ပါဆောင်ပုဒ် လေးကို သတိပြုမိစေချင်ပါတယ်။ 

“When you hire people who are who are smarter than you, you prove you are smarter than them.”
ဝန်ထမ်းကောင်းတွေရှိမှ လုပ်ငန်းအောင်မြင်မှာဖြစ်သလို လုပ်ငန်းရှင်ကောင်းတွေရှိမှလဲ ကျွန်တော် တို့ မျှော်မှန်းတဲ့ သာယာအေးချမ်းတဲ့ နိုင်ငံတော်သစ်ကို အရောက်ချီတက်နိုင်မှာမဟုတ်ပါလား။ ရှေ့ပိုင်းမှာ ကျွန်တော် HR မန်နေဂျာတွေ ကိုယ်ကျင့်သိက္ခာပြည့်စုံကြဖို့ ပြောခဲ့ပါတယ်။ ဒါမှလည်းလုပ်ငန်းရှင်နဲ့ကိုယ် နဲ့ကြား၊ ဝန်ထမ်းနဲ့ကိုယ့်ကြားမှာ အပြန်အလှန်ယုံကြည်မှုတွေရရှိပြီး ကိုယ်ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ကုမ္ပဏီအတွက်ကော၊ ဝန်ထမ်းတွေအတွက်ပါ နှစ်ဦးနှစ်ဖက် မျှမျှတတ ဖြစ်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ပါလား။
မင်းခေါင်( EMPA -8 )

No comments:

Post a Comment

Hi Welcome