Monday, March 18, 2013

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၁ )


အပိုင်း ( ၁ ) လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲခြင်း မိတ်ဆက်
( က ) နိဒါန်း

အခုတလော၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ကျယ်ကျယ်ပြ့န့်ပြန့်တွေ့လာ၊ ကျယ်ကျယ်လောင် လောင် ကြားလာရတာကတော့ HR နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါ တယ်။ HR Journal ဆို တာတောင် ဖြစ်လာခဲ့ပြီကိုး။ တလောကဆိုရင် HR ဂျာနယ်နဲ့ ဆရာကြီးဒေါက်တာအောင်ထွန်းသက်တို့ ကိုယ်တိုင်ကြီးမှူးပြီး HR ဂျာ နယ် ( ၂ ) နှစ်ပြည့် အခမ်းအနားနှင့်အတူ HRAM လို့ခေါ်တဲံ့HR Association of Myanmar ဖွဲ့စည်းဖို့တောင် ကြိုးစားနေကြပြီလို့ ကြားသိရပါတယ်။ ( အခုဆိုရင်တော့ Myanmar Society for HumanResource Management ( MSHRM ) ကိုဖွဲ့စည်းပြီး Seminar တွေတောင်ပြုလုပ်နေနိုင်ခဲ့ပြီဖြစ်ပါတယ် )
အင်မတန်မှကောင်းမွန်လှတဲ့စိတ်ကူးတွေ၊ ပုံဖော်မှုတွေပါ။ HR နဲ့ပတ်သက်တဲ့ပညာရှင်တွေ၊ ကျွမ်း ကျင်သူတွေ၊ ဝန်ထမ်းတွေအားလုံး တစ်နေရာတည်းမှာစုစည်းပြီး အတွေ့အကြုံတွေ၊ သီအိုရီတွေဖလှယ် ကြမယ်ဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အင်မတန်ကောင်းမွန်လှတဲ့ အစီအမံတွေဖန်တီးနိုင်ကြမှာဖြစ် ပါတယ်။ စတင်ဖော်ဆောင်ပေးတဲ့ HR Journal ကိုလည်းအလွန်ကျေးဇူးတင်မိပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှု အင်မတန်ကြီးမားမှာ ဖြစ်တဲ့ လွတ်လပ်သော အာစီယံကုန်သွယ်မှုဇုန် ( ASEAN Free Trade Area ) ကသိပ်မကြာခင်ကာလမှာ အကောင်အထည်ဖော်လာရတော့မှာဖြစ်တယ်။ AFTA နဲ့အတူ နိုင်ငံခြားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ အပြိုင်အဆိုင် ဝင်ရောက်လာကြတော့မှာပါ။ အဲဒီအခါကျရင် မြန်မာနိုင်ငံမှာရှိတဲ့ အင်မတန်ရှားပါးအဖိုးတန် လှတဲ့ အဖိုးတန်လူသားအရင်းအမြစ်တွေကို မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာတိုင်းရင်းသားကုမ္ပဏီတွေအနေနဲ့ ဆွဲဆောင်မထားနိုင်ခဲ့ဘူးဆိုရင် အတော်ဆုံးပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ နိုင်ငံခြားကုမ္ပဏီတွေနောက်ကို ပါ သွားကြတော့မှာ ဖြစ်ပါ တယ်။
ဒါဆိုရင် ကျွန်တော်တို့ မြန်မာကုမ္ပဏီတွေ လက်လျော့အရှုံးပေးကြရတော့မှာဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့အတော်ဆုံးလူတွေကို လစာများများပေးပြီး ခေါ်သွားကြတော့မှာပါ။ အချိန်ကာလတစ်ခု ရောက်လို့ မြန်မာကုမ္ပဏီတွေ မရပ်တည်နိုင်တော့မှ ခုနကပေးထားတဲ့လခတွေ ပြန်လျော့ချ၊ အနိုင်ကျင့် တာတွေလုပ်ကြမယ်ဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။
ဝန်ထမ်းဆိုတာလည်းလူသားတွေပဲဖြစ်တဲ့အတွက် ဆွဲဆောင်မှုရှိတဲ့မက်လုံးတွေနောက်တကောက် ကောက်ပါသွားကြမှာပါဘဲ။ သူတို့ကိုလည်း အပြစ်မဆိုသာပါဘူး၊ အင်မတန် ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ လောကကြီးထဲမှာ ကိုယ်နဲ့ ကိုယ့်မိသားစုရပ်တည်ဖို့အတွက် ရေကြည်ရာ၊ မြက်နုရာ ရေသစ်မြေသစ်ကို ရှာ ကြရမှာ ဓမ္မတာပါဘဲ။
ဒါဆိုရင် ဘာတွေဆက်ဖြစ်ကြမလဲ။ Global ခေတ်ကြီးထဲမှာ Local အဆင့်ပဲရှိတဲ့လူတွေနဲ့ ပြိုင်ဆိုင် အနိုင်ယူဖို့ ဖြစ်နိုင်ပါဦးမလား။ ဝန်ထမ်းတွေကို ဘယ်လိုမက်လုံးတွေ၊ အခွင့်အလမ်းတွေနဲ့ ဆွဲဆောင်စည်း ရုံးထားကြမလဲ၊ စဉ်းစားဖို့လိုလာပါပြီ။ အဲဒီတော MSHRM လိုအဖွဲ့တွေ၊ HR မန်နေဂျာတွေ၊ ဝန်ထမ်းတွေရဲ့ အခြားကဏ္ဍကို ပိုပြီးမြှင့်တင်ပေးဖို့လိုလာတော့မှာပါ။ သူတို့တွေရဲ့အရည်အသွေးတွေ တိုးတက်မြင့်မားလာ မှဘဲ လိုအပ်တဲ့မဟာဗျူဟာ၊ နည်းဗျူဟာအစီအမံတွေ ချမှတ်အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။
အဲဒီလို အရည်အသွေးတွေမြှင့်တင်တဲ့အခါမှာလဲ မြန်မာ့ရေမြေ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မအပ်စပ်၊ မ ဆီလျော်တဲ့အလေ့အထတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးမိလို့မဖြစ်ပြန်ဘူး။ သီအိုရီနဲ့လက်တွေ့ကို စနစ်တကျ ပေါင်းစပ်ပြီး အသုံးချနိုင်တဲံ့HR မန်နေဂျာတွေ၊ ဝန်ထမ်းကောင်းတွေလိုလာတော့မှာပါ။ သေချာ တာတစ်ခုကတော့ သင်တန်းစာမေးပွဲတစ်ခုခုမှာ တစ်ကမ္ဘာလုံးအမှတ်အများဆုံး ပထမရတာတစ်ခုတည်း နဲ့တော့ အလွန်ကောင်းတဲ့ HR မန်နေဂျာဖြစ်လာဖို့ မလွယ်ပါဘူး။ သီအိုရီအသစ်၊ အသစ်တွေကို လေ့လာ ဆည်းပူးနေဖို့လိုအပ်သလိုပဲ မိမိတို့ရဲ့လုပ်ငန်းအတွေ့အကြုံတွေကနေတစ်ဆင့် သင်ယူရမှာဖြစ်သလိုတခြား သူတွေရဲ့ အတွေ့အကြုံကနေတစ်ဆင့်လည်း သင်ယူရမှာဖြစ်ပါတယ်။ ဒါမှသာ သင့်တင့်မျှတတဲ့တွေးခေါ် မျှော်မြင်မှုတွေနဲ့ အတွေ့အကြုံတွေပေါင်းစပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာ လုပ်သင့်လုပ်ထိုက်တာတွေ အ ကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်။
ဘာလို့လဲဆိုတော့ အတွေ့အကြုံနဲ့ပညာဥာဏ်ဆိုတာ တစ်ခုတည်းရှိနေရုံနဲ့ ပြည့်စုံနေတဲ့အရာ မ ဟုတ်ပဲ ယှဉ်တွဲနေမှသာလျှင် တစ်ခုရဲ့အားနည်းချက်ကိုတစ်ခုကဖြည့်စွက်ပြီး ပြည့်စုံနေနိုင်မှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ ရွက်လှေတစ်စင်းရဲ့ ရွက်နဲ့ပဲ့လိုပဲဖြစ်ပါတယ်။ ပညာဆိုတာကတော့ ပဲ့နဲ့တူပြီး လှေကိုသွားရာလမ်းကြောင်းကို ပဲ့ကိုင်ပေးနိုင်ပါတယ်။ အတွေ့အကြုံကတော့ရွက်နဲ့တူပြီး လှေကိုရှေ့ကိုရွေ့ သွားစေနိုင်တဲ့အားဖြစ်ပါတယ်။ ပညာတစ်ခုပဲရှိခဲ့မယ်ဆိုရင် လှေကိုဘယ်သွားရမယ်ဆိုတာကိုပဲ့ကိုင်နိုင်မှာ ဖြစ်ပေမယ့် ရွေ့ဖို့အတွက်အားမရှိတဲ့အတွက်ကြောင့်ရှေ့ကိုရောက်မှာမဟုတ်ပါဘူး။ အဲဒီလိုပဲ အတွေ့အကြုံ ပဲရှိခဲ့မယ်ဆိုရင်လဲ ရှေ့ကိုတော့ရွေ့တော့ရွေ့မယ်၊ ဒါပေမယ့်ပဲ့မပါတဲ့အတွက် သွားလိုတဲ့နေရာကိုရောက် အောင် သွားဖို့မဖြစ်နိုင်ပါဘူး။ ရွက်ရော၊ပဲ့ရောပါမှသာလျှင်ကျွန်တော်တို့ဟာ သွားလိုရာနေရာကို အချိန်မီ ရောက်အောင် သွားနိုင်မှာဖြစ်ပါတယ်။
HR ပညာကို Professional တစ်ယောက်လို တစ်ဖက်ကမ်းခတ်တတ်ကျွမ်းလို့မဟုတ်ပေမယ့် ကျွန် တော်တို့ကြုံတွေ့ခဲ့ရတာတွေ အခက်အခဲတွေကိုသိရှိစေလို၊ မျှဝေလိုတဲ့အတွက် ယခုလိုရေးသားတင်ပြရ ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ မှားခဲ့ကြသလို၊ အားနည်းခဲ့ကြသလိုလူငယ်တွေမမှားစေချင်ပါဘူး။
မင်းခေါင် ( EMPA – 8 )

No comments:

Post a Comment

Hi Welcome